Saturday, November 12, 2016

နောက်ဆုံးတစ်ကြိမ်

Tin Nyunt

အဏ္ဏဝါဇီဝဗေဒတန်းတွင်ဖြစ်သည်။ ဆရာတစ်ဦးက ကျောင်းသားများကို လက်တွေ့စာသင်နေသည်။ သူက မှန်လှောင်ကန်ကြီးတစ်ခုအတွင်း ထည့်ထားသည့် ငါးမန်းတစ်ကောင်ကို ပြသည်။ ထို့နောက် ငါးပေါက် လေးများကို ကန်ထဲထည့်လိုက်သည်။ ငါးမန်းက ငါးတွေအကုန်လုံးကို စားလိုက်သည်။
ဆရာက ငါးကန်ကြီးကို အလယ်မှ မှန်တစ်ချပ်ဖြင့် ကာလိုက်သည်။ ကန်ကြီးထဲတွင် နှစ်ကန့်ဖြစ်သွားသည်။ တစ်ကန့်တွင် ငါးမန်းက ရှိနေသည်။
ကျန် ငါးမန်းမရှိသည့် ဘက်အခြမ်းတွင် ဆရာက ငါးပေါက်လေးများကို ယခင်ထက် များစွာ ချလိုက်သည်။ ငါးလေးများက ရေထဲတွင် ကူးခတ်နေသည်။
တစ်ဘက်အခြမ်းတွင် ရှိနေသည့် ငါးမန်းက ငါးလေးတွေကို မြင်သည်။ စားရန် ကူးခတ်လာသည့် အခါတွင် မှန်နှင့် တိုက်မိသည်။
ငါးမန်း နောက်တစ်ကြိမ် အရှိန်ဖြင့် ထပ်ပြီး ထိုးဝင်နိုင်ရန် ကြိုးစားပြန်သည်။
ဤတစ်ကြိမ်တွင်လည်း ငါးမန်းက အရှိန်ဖြင့် ဝင်လိုက်သောကြောင့် ပိုပြီး နာသွားသည်။
ဆရာက တစ်ဘက်ခြမ်းမှ ငါးလေးများကို အစာကျွေးလိုက်ပြီး ပို၍ ကူးခတ်မြူးတူးနေစေရန် ဖန်တီးပေးလိုက် သည်။ အခြားတစ်ဘက်မှ ငါးမန်းက ပိုပြီး ဒေါသထွက်က မှန်အကာကို အရှိန်ဖြင့် ထပ်တိုးသည်။ သူထပ် တိုးတိုင်း နာကျင်ခဲ့ရသည်။
အကြိမ်ပေါင်း တစ်ဒါဇင်ခန့် ကြိုးစားပြီးနောက် မအောင်မြင်မှန်း သိသည့် အခါတွင် ငါးမန်းသည် ထပ်မံ ကြိုးစား ခြင်းမပြုတော့ပေ။ ဆရာက ကျောင်းသားများအား
“ကဲ … ခုဆိုရင် ငါးတွေနဲ့ ငါးမန်းကို အတူတူပြန်ထားလိုက်မယ်ဆိုရင် ဘာဖြစ်သွားမလဲ” ဟုမေးလိုက်သည်။ ကျောင်းသားတစ်ဦးက
“သေကုန်မှာပေါ့ … သူက ဒေါသထွက်နေတာ အားလုံးကို စားလိုက်မှာ” ဟုပြန်ဖြေသည်။ ဆရာက
“ကဲ … ကြည့်ရအောင်” ဟုဆိုကာ အလယ်တွင် ကာထားသည့် မှန်ချပ်ကို ဖြုတ်ပေးလိုက်သည်။
ငါးများက ငါးမန်းကို လှည့်ပတ်ပြီး ကူးကြသည်။ ငါးမန်းက ငါးလေးများ သူ့ကိုပတ်ချာလည် ဝိုင်းပြီး ကူးခတ် နေသော်လည်း စားသောက်ခြင်းမပြု။ ငြိမ်သက်နေသည်။ သူက သူ့အားထုတ်မှုမှန်သမျှ ဆုံးရှုံးသွားမည် သို့မဟုတ် သူနာကျင်ရမည်ကို စိုးရိမ်နေပုံရသည်။ ဆရာက
“မင်းတို့ ဘယ်လို နားလည်လိုက်သလဲ။ အဲဒါ မနက်ဖြန်အတွက် မင်းတို့ အိမ်ကနေ လုပ်လာရမယ့် assignment ပဲ။ ကြိုက်တဲ့ ရှုဒေါင့် … ကြိုက်တဲ့ အမြင် … ကြိုက်တဲ့ ယူဆချက်နဲ့ ရေးလာလို့ရတယ်” ဟုပြောလိုက်သည်။
နောက်တစ်နေ့တွင် ကျောင်းသူတစ်ဦးက
“မနေ့က ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ကျွန်မ ဆင်ခြင်မိတာရှိတယ်။ ဘဝမှာ မှန်လေးတစ်ချပ်ပဲ ခြားလိုက်တာဟာ ဘာကြောင့် အပြောင်းလဲကြီး ပြောင်းလဲသွားရတာလဲ။ ငါးမန်းက ၁၂ ကြိမ်တိတိ ကြိုးစားတယ်။ မအောင်မြင်ဘူး။ ၁၃ ကြိမ်မြောက်မှာ မှန်ကိုဖြုတ်ပြီး အခွင့်အရေး ပေးလိုက်တယ်။ သူက ၁၂ ကြိမ်လုံးလုံး မအောင်မြင်တာကို စိတ်ထဲမှာ စွဲသွားပြီး ကြောက်နေပုံရတယ်။ ဒါကြောင့် နောက်ထပ် အခွင့်အရေး တစ်ခုကို သူထပ်ပြီး မစွန့်စားတော့ဘူး။ အကြောက်တရားက အားလုံးကို ပြောင်းလဲပေးလိုက်တာပဲ” ဟု ရေးသားထား သည်။
သင်တို့လည်း ကိုယ်ကြိုက်သလို ရေးကြည့်နိုင်ပါသည်။ ကျွန်တော်ကတော့ သူတို့နိုင်ငံ ပညာရေးစနစ်က လက်တွေ့ပြသ အဖြေရှာခိုင်းသည့်စနစ်ကို သဘောကျသဖြင့် ရေးလိုက်ခြင်းဖြစ်သည်။
၈.၁၁.၂၀၁၆

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...