Wednesday, November 2, 2016

တစ်ခါမှ တရားမထိုင်ဘူးသူတို့ အတွက်..အသက်ကြီးငယ် အရွယ်မရွေး... "ဝိပဿနာ တရားစတင်အားထုတ် ရှုမှတ်နည်း"

ခန္ဓာ-၅ပါး တစ်ဦး

ဆရာတော် သံဃာတော် များ ရဲ့ ရေးသားဖေါ်ပြချက်တွေ၊ ဟောကြားခဲ့ရတာတွေ ကို လေ့လာ ဖတ်ရှုထားဖူး၊ နာကြားဖူး ထား ရတဲ့ တရားအားထုတ်နည်း အမျိုးမျိုး ကို ရေးသား ဖေါ်ပြကုသိုလ်ပြုရမှာ တရားအားထုတ်နည်း တွေ က အမျိုးစုံ ရှိတော့ ဓမ္မမိတ်ဆွေ တို့ နဲ့ ကိုက်ညီဖို့ အတွက် အင်မတန်မှ ခက်ပါတယ်။
ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ ၊စိတ္တာနုပဿနာ နဲ့  ဓမ္မာနုပဿနာ ဆိုပြီး မြတ်စွာဘုရားဟောကြားခဲ့တဲ့ "သတိပဋ္ဌာန် " လေးပါး ရှိတဲ့အနက် အဲဒီလေးပါးထဲက "ကမ္မဌာန်း" တစ်ခုခု နဲ့ ပွားများအားထုတ်ကြရတယ်ဆိုပေမယ့်လည်း "ကာယာနုပဿနာ" မှာတင် "ဝင်လေ၊ထွက်လေ" လို့ ခေါ်တဲ့ "အာနာပါန" ကမ္မဌာန်း အပါဝင်ပေါ့လေ..ရှုရမဲ့ ကမ္မဌာန်း (၁၄) မျိုးလောက်ရှိတော့...

ဓမ္မမိတ်ဆွေတို့ အတွက် ဘယ်ကမ္မဌာန်းကတော့ဖြင့် ဘယ်သူနဲ့ သင့်တော်မလဲ ဆိုတာ မြတ်စွာဘုရားတစ်ပါးရှင် တစ်ပါး မှသာ လွဲပြီး အခြားဘယ်သူမှ တပ်အပ်မပြောနိုင်ကြပါဘူး။
မည်သို့ ဘဲဖြစ်စေ..
အခုမှ စပြီးတရားအားထုတ်ကြမဲ့ ဓမ္မမိတ်ဆွေတို့ အတွက် တရားအားထုတ်နည်းများစွာအနက်က...
"ရှင်သာရိပုတ္တရာ" က ဟောထားတဲ့ ဝိပဿနာ အားထုတ်နည်း.. ကို..
"ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီး" ပြန်လည်ဟောကြားတဲ့ တရားတော်ထဲက ကောက်နှုတ်ပြီး ဖေါ်ပြကုသိုလ်ပြုလိုက်ပါတယ်။
"ကာယမိမံ သမ္မသထ၊ ပရိဇာနာထ၊ ပုနပ္ပုနံ"
"ကာယေသဘာဝံ၊ ၀ိဒိတွာန၊ ဒုက္ခဿအန္တံ ကရိဿတိ"
ဘယ်လိုဟောထားသလဲ ဆိုတော့...
ရှေးဦးစွာ...
ဘုရားရှေ့မှာ ဘဲ ဖြစ်ဖြစ်၊ ကိုယ့် ရဲ့ အိပ်ရာထဲမှာဘဲ ဖြစ်ဖြစ်၊ အမျိုးသမီး ဖြစ်ပါက ဒူးတုပ်၊ အမျိုးသားဖြစ်ပါက တင်ပျဉ်ခွေပြီး ထိုင်ချင်သလိုထိုင်ပါ။ အကယ်၍ လဲလျောင်းချင်တယ်ဆိုလည်း လဲလျောင်းပြီး အားထုတ်နိုင်တယ် လို့ ဆိုပါတယ်။
သို့သော် အသက်မှန်မှန်ရှုပြီးတော့ လေလေး ထွက်တာလဲ သိလို့၊ လေလေးဝင်တာလဲ သိလို့ ၊ ပထမ ဆုံးအနေနဲ့ လုပ်ရမှာက "ထွက်တာသိ၊ ဝင်တာသိ" ပဲ လုပ်နေပါ...တဲ့။
( ဒီနေရာမှာ ကြားဖြတ်ပြီးပြောလိုတာက .. အဲဒီလို ဝင်လေထွက်လေ ကို မှတ်နေတဲ့ အချိန်မှာ ဓမ္မမိတ်ဆွေရဲ့ စိတ်ဟာ.. မကြာမကြာ လွင့်လွင့် ပြီး အတွေးတွေ ထဲရောက်ရောက်သွားပါတယ်၊ တရား စမှတ်တော့ မယ် ဆိုမှ.. တွေးလို့ ကောင်းနေတော့တယ်..ဆိုသလိုမျိုးဖြစ်တတ်ပါတယ်။ကျန်တဲ့အချိန်ကတော့ မအားတာနဲ့ တွေးဖို့ အချိန်မရှိကြဘူးလေ..။ တရား အားထုတ်တော့မှဘဲ.. တွေးဖို့ အချိန်ရသလို ဖြစ်နေကြသလို ပေါ့။
ဥပမာ.. အင်း.. ငါ ဟိုဟာလေး လုပ်စရာ၊ ဒီဟာလေး လုပ်စရာရှိသေးတာဘဲ၊ အဲဒီလို တရားထိုင်တဲ့ အချိန်ကျမှ ကိုယ့်ရဲ့  plan ပေါ့လေ။ ကိုယ်လုပ်ချင်နေတာတွေ ကို စီစဉ်နေတော့တာပါဘဲ..။
အဲဒီအတွက် စိတ်မပျက်ပါနဲ့ ..
"စိတ်" ဆိုတာ လွင့် ပါတယ်၊ "စိတ်"ဆိုတာ တွေး ပါတယ်။ ဒါသဘာဝပါ။ အဲဒီလို မိမိ "စိတ်" လွင့်နေတာ၊ " တွေး" နေတာ ကို သိ နေတယ် ဆိုတာ ကိုယ့်ဖာသာသိရင် တော်တော် အခြေနေကောင်း နေပြီလို့ မှတ်ပါ။ စိတ်လွင့်တာ ကို လွင့်မှန်းမသိတာက ဆိုးတာပါ။ ဒါကတော့.. ကြားဖြတ်ရေးလိုက်မိတာပါ။ )
ရှေ့ ဆက်ရရင်...
အဲဒီလို "လေဝင်တာ၊ထွက်တာ" ကို မှတ်နေရင်း နဲ့ အချိန်ကြာလာတာနဲ့ အမျှ ဟိုနေရာက"အောင့်"သလို.. ဒီနေရာက "နာ "သလိုလို ဖြစ်လာလို့ရှိရင် အဲဒီ "လေထွက်တာသိ ၊ လေဝင်တာသိ" မှတ်နေတာကို ဖြုတ်ပစ်လိုက်ပါ။
"ထွက်တာသိ၊ ဝင်တာသိ" ဖြုတ်ပစ်လိုက်ပြီးတော့..
" အောင့်"တဲ့ နေရာ၊ "နာ" နေတဲ့ နေရာလေးကို "ဥာဏ် " နဲ့ လှည့်လိုက်ပြီး..
" သြော် - ဒါဖောက်ပြန်တာပါလား"
" အင်း - ဖောက်ပြန်လာတာ နဂိုက မအောင့်ဘူး၊ ခုမှ ဒီနေရာလေးက အောင့်လာတယ်၊ ဒီနေရာလေး က နာ လာတယ်၊ အဲဒီ ဖောက်ပြန်တဲ့ နေရာကလေး ကို ဉာဏ် နဲ့ သေသေချာချာ ကြည့်လိုက်တဲ့ အခါမှာ အဲဒီဖေါက်ပြန်တာကလေးက ပျက်စီးသွားတယ်။
"ဉာဏ်စိတ်" ကလေးက ပေါ်နေတော့ အောင့်တာလေးက ဖောက်ပြန်ပြီး ပျက်စီးသွားတာ တွေ့ရပါလိမ့် မယ်။
အဲဒီလို ဖောက်ပြန်ပျက်စီးသွားတာတွေ တွေ့တဲ့အခါကျတော့ ဒီခန္ဓာကိုယ်ကြီး စိုက်ကြည့်နေလို့ ဖောက်ပြန်ပျက်စီးတာ တွေ့တာလို့ မှတ်လိုက်ပါ..တဲ့။
အဲဒီတော့ ဖောက်ပြန်ပျက်စီးတာက အနိစ္စ၊ ဒုက္ခသစ္စာ၊ အနိစ္စဆိုလဲ ဟုတ်တာပါဘဲ။
ဒုက္ခသစ္စာဆိုလဲ ဟုတ်တာပါပဲ။ သြော် - ဒါက ဒုက္ခသစ္စာ၊
ဖောက်ပြန်ပျက်စီးပြီလို့ သိနေတာကလေးက လောကီ မဂ္ဂသစ္စာ၊
ဒါ ဒီနေရာကလေးက "အောင့်"တာကလေးက ပျောက်သွားလို့ ဟိုနေရာက "အောင့်" လာပေါ်လာတယ်။ ဟိုစိတ် ကလေး စားချင်တဲ့စိတ်ကလေး ပေါ်လာတယ်။ အဲဒါကိုလဲ စားချင်တဲ့ စိတ်ကလေးကိုလဲ ရှိ၊ မရှိ ကြည့်ပေးပါ။ ကြည့်လိုက်တဲ့အခါ ကျလို့ရှိရင်ဖြင့် ကြည့်တဲ့ဥာဏ် ပေါ်လာလို့ ရှိရင်ဖြင့် သတ္တဝါ သန္တာန် နှစ်စိတ်မပေါ် ကောင်းတဲ့အတွက် စားချင်တဲ့ စိတ်ကလေးက ဖြစ်ပြီး ပျက်သွားပါတယ်။ သူလဲ ခုမှ ဖောက်ပြန်ပြီးလာတာ အခုပဲ ပျက်စီးသွားတယ်၊ အဲဒီတော့ ဖောက်ပြန်ပျက်စီး သွားတာ ဘာသစ္စာ ခေါ်ကြမလဲ..ဆိုတော့ ဒုက္ခသစ္စာ ဘဲ ဖြစ်ပါတယ်။
အဲဒီလို သိလိုက်တော့ အသိခံရတာက ဒုက္ခသစ္စာ၊ အသိဥာဏ်က မဂ္ဂသစ္စာ လို့ မှတ်လိုက်ပါ။ ဒီလိုချည်းပဲ ဒီခန္ဓာကိုယ်ထဲ လှည့်ပြီးနေတော့ အသိခံတာက ဒုက္ခသစ္စာ၊ အသိဥာဏ်က မဂ္ဂသစ္စာဆိုတော့...
ဪ..ခန္ဓာကိုယ်ထဲမှာ ဒုက္ခသစ္စာရယ် … သိနေတဲ့ မဂ္ဂသစ္စာရယ် သာ ရှိပါလား ဆိုပြီး သိလိုက်တဲ့ အချိန်မှာ " သမုဒယသစ္စာ" ဆိုတဲ့ လောဘ က ချုပ်ငြိမ်းရုပ်သိမ်းပြီး နေပါတော့တယ်။
အဲဒီလောဘ ချုပ်ငြိမ်းနေတော့ လောဘ တဏှာချုပ်တော့ ဥပါဒါန် ( အစွဲလမ်း ) လည်း ချုပ်ပါတယ်။
"ဥပါဒါန်" ချုပ်တော့ "ကံ" ချုပ်ပါတယ်၊
"ကံ" ချုပ်တော့ အနာဂတ်ဘဝ..လာလတ္တံဖြစ်တဲ့...ပဋိသန္ဓေနေမှု ဖြစ်တဲ့..
"အိုမှု ၊နာမှု ၊ သေမှု" တွေရော.. ချုပ်ပါတယ်။ဘာကြောင့် ချုပ်သလည်း လို့  အရင်းမြစ်ကို ပြန်စစ်ကြည့်တော့.. ဖောက်ပြန်ပျက်စီးတာကို "မြင်နေတဲ့ မဂ်" က ချုပ်စေတာ ဖြစ်ပါတယ်။
ဒီတော့ ဓမ္မမိတ်ဆွေ တို့ ဒီခန္ဓာကိုယ်ကြီးကို ဝိပဿနာရှု ဆိုတာ ခန္ဓာကိုယ်ကို စောင့်ကြည့်တဲ့ အလုပ်လို့ သာမှတ်လိုက်ကြပါ။
ဒါကြောင့်...
“ကာယမိမံ သမ္မသထ” ဣမံကာယံ၊ ဤခန္ဓာကိုယ်ကြီးကို...သမ္မသထ၊ စောင့်ကြည့်ပြီး သုံးသပ်ပါလို့ ...
"ရှင်သာရိပုတ္တရာ" က မှာရှာပါတယ်။
အဲဒီလို ခန္ဓာကိုယ်ကြီး စောင့်ကြည့်ပြီး သုံးသပ်ပါ၊ ဆင်ခြင်ပါဆိုတော့" ဖြစ်ပျက်မဂ် " ဆိုတာ လာပါတယ်။
ပျက်စီးသွားတာ " ဖြစ်ပျက်"၊
စောင့်ကြည့်တာ က "မဂ်"ပါ။
ဒါကြောင့်.."မဂ်" ဆိုတာတို့ စောင့်ကြည့်မှ ရပါတယ်။ စောင့်မကြည့်ရင် မရဘူး၊ ရှာရင်တော့မရဘူး၊ စောင့်ကြည့်ရင်တော့ ရပါတယ်။
" တောထဲက ကျားတွေက အပြေးတော့ မသန်ပါဘူးတဲ့။ အဖမ်းတော့ မြန်သလို မိလိန္ဒပဥှာကလည်း စောင့်ဖမ်းပါလို့လဲ သေသေချာချာ ဟောထားပါတယ်...တဲ့"
ဒီတော့...
ဝိပရိနာမလက္ခဏာ ဒုက္ခသစ္စံက ဒုက္ခသစ္စာ၊ စောင့်ကြည့်တာကလေးက မဂ္ဂသစ္စာ၊ သေတာက သမုဒယသစ္စာ၊
နောက် ခန္ဓာ မလာတာက နိရောဓသစ္စာ၊
နိရောဓဆိုတော့ သြော် … မိမိတို့ သစ္စာ အလုပ် လုပ်နေပါလား ဆိုတာ မိမိတို့ စိတ်မှ ဖြစ်ပေါ်နေပါပြီ။
( အပေါ်က" ဝိပရိနာမ"ဆိုတာက ဒုက္ခသစ္စာပါဘဲ၊ စာပိုဒ်ရှည်မှာစိုး လို့ အကျယ်မချဲ့တော့ပါဘူး)
ဒီတော့...ဝိပဿနာအလုပ်ဆိုတာ...စောင့်ကြည့်တဲ့အလုပ်ဘဲ ဖြစ်ပါတယ်။
အဲဒီလို စောင့်ကြည့်ယင်း စောင့်ကြည့်ယင်း က ခန္ဓာကိုယ်ကြီးက ဟိုနေရာကပြ၊ ဒီနေရာကပြ၊ ဟိုနေရာကပြလိုက်၊ ဒီနေရာကပြလိုက်နဲ့ ပြတဲ့နေရာကိုပဲ စောင့်ကြည့်နေတဲ့အခါကျလို့ရှိရင်..အဲဒီ ပြတာက ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ၊ သေတာက သမုဒယသစ္စာ ဘဲ ဖြစ်ပါတယ်။
နောက် ခန္ဓာမလာတော့ တာက နိရောဓသစ္စာပါ။
နိရောဓသစ္စာ ဆိုတော့
ဓမ္မမိတ်ဆွေ တို့ သစ္စာလေးပါး အလုပ် လုပ်နေတယ် ဆိုတာ ပေါ်ပါပြီ။
အဲဒီလို စောင့်ကြည့်လေ... မိမိရဲ့ ခန္ဓာဟာ ကောင်းတာတစ်ခုမှ ပြမှာမဟုတ်ဘူး။အနာ တွေပဲ ပြမှာပါဘဲ။
အနာခန္ဓာကိုယ်ကြီးမို့ အနာခန္ဓာတွေပြတော့ ဒီအနာခန္ဓာတွေကလဲ" ဖြစ်လိုက်၊ ပျက်လိုက်"၊" ဖြစ်လိုက်၊ ပျက်လိုက်၊"၊" ဖြစ်လိုက်၊ပျက်လိုက်၊"နဲ့ သာ ပြနေတော့...
သြော် … ဒီဥစ္စာ"ဖြစ်ပျက်"က "ဒုက္ခသစ္စာ" "သိ"တာက "မဂ္ဂသစ္စာ"ပါလားဆိုတာ အဲဒီအချိန်မှာ ဥာဏ်ထဲမှာ ပေါ်လာပါတယ် ။
ဓမ္မမိတ်ဆွေတို့ အသေအခြာ ဖတ်ပါ..အဲဒီလို ဉာဏ်ပေါ်လာတဲ့အခါကျတော့..
( ကိလေသာ ကြားမညှပ်လို့ရှိရင် "ဖြစ်ပျက်" နဲ့ "မဂ်" နဲ့ ကြားထဲမှာ ကိလေသာကြားမခြား လို့ရှိရင် ခုနစ်ရက်နဲ့ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ် ရပါတယ် ၊ မယုံမရှိပါ နဲ့။ )
သတိပဋ္ဌာန် ပါဠိတော်မှာ သေသေချာချာ လည်းပါပါတယ်။ ဒါပေမယ့် မိမိတို့ ၊ ဓမ္မမိတ်ဆွေ တို့ဟာ စောင့်ကြည့်တဲ့အလုပ် ကို မလုပ်ခဲ့တဲ့ အတွက်ကြောင့် သံသရာရှည်တယ် ဆိုတာ ဖြစ်လာတာပါ။
ဒါဆို ဝိပဿနာဆိုတာ အားစိုက်ရှုရတာလား၊ စောင့်စားပြီး ရှုရတာလား … ဆိုတာ သဘောပေါက်ကြမှာပါ။
လေးလေးစားစားနဲ့ မှတ်လိုက်တဲ့အခါကျတော့ စောင့်ကြည့်တဲ့ အလုပ်တွေက ခန္ဓာကိုယ်ထဲမှာ ဘာမှ ကြည့်စရာ မရှိလို့ ရှိရင်..
သြော် … လေ ကလေးထုတ်တဲ့ စိတ်ကလေးလဲ ထုတ်ပြီး ပျက်တာပါပဲ … ။
လေ..ကလေး ပြန်သွင်းတဲ့စိတ်ရော … ဝင်ပြီး ပျက်တာပါဘဲ။
အဲဒီလို မှတ်ရင်း နဲ့ ဘဲ၊ ဟိုနေရာက ယားသလို၊ ဒီနေရာကအောင့်သလို၊ ဒီနေရာက ကောင်းသလို လာပြန်လို့ရှိရင်.. အဲဒီ လေဝင် လေထွက် မှတ်နေတာကို ဖြုတ်ပစ်လိုက် ပါ။ ခုနတုန်းက ယားတဲ့နေရာ ကောင်းတဲ့ နေရာတွေ လှည့်လည်ပြီး...
သြော် … ဒါတွေ ဒုက္ခသစ္စာပါလား၊ ဒါတွေ ဟာ ဒုက္ခသစ္စာပါလားလို့ ရှုပါ … ။
ကောင်းတယ်ဆိုတဲ ..စိတ်ကလေးလဲ ဖြစ်ပြီးပျက်ပါတယ်။ဒုက္ခရောက်တာပဲ …ဆိုတဲ့စိတ် ကလေးလဲ ဖြစ်ပြီး ပျက် ပါတယ်။
အလယ်အလတ် စိတ်ကလေးလဲ ဖြစ်ပြီး ပျက်ပါတယ်။
အဲဒီ ဒုက္ခသစ္စာတွေချည်းပဲ ပိုင်ပိုင်နိုင်နိုင် ဖြစ်ပျက်က ဒုက္ခသစ္စာ၊ သိတာက မဂ္ဂသစ္စာ ကြာတော့ ဒုက္ခသစ္စာ တွေ့တော.. မြတ်စွာဘုရားရှင်က …
“သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာပိ ဒုက္ခာ”
လို့ ဟောထားတဲ့ အတွက်ကြောင့် ခန္ဓာငါးပါးစလုံး ပြတဲ့...
ဥစ္စာတွေ အနိစ္စလည်းမပြ၊ ဒုက္ခလည်းမပြ၊ အနတ္တလည်းမပြ၊ အသုဘလည်းမပြဘဲနဲ့ ဒုက္ခသစ္စာပဲပြပါတယ်။
အဲဒီလို ဒုက္ခသစ္စာဘဲ ပြလာပြီဆိုတော့.. သြော် … လူ့ဘဝရတာ ဒုက္ခသစ္စာရတာကိုးလို့ ပေါ်ပေါ်လွင်လွင်ကြီး သိလာရပါတယ်။
အဲဒီလို ဒုက္ခသစ္စာကြီး ရတာကို ပိုင်ပိုင်နိုင်နိုင် သိနေတော့ တစ်ကိုယ်လုံးမှာ ဟိုကယား၊ ဒီကနာ၊ ဒီကအောင့်၊ ဟိုကကိုက်၊ ဒီကခဲ၊ ဟိုက တစ်မျိုးတစ်ဖုံပေါ်၊ ပေါ်လာတာ ဟူသမျှ ပျောက်တာပဲတွေ့ရတာကို ၊ခုလို စောင့်ကြည့်တဲ့ပုဂ္ဂိုလ် ကသာ တွေ့ ရမှာပါ။
ဒါကြောင့် ဝိပဿနာအလုပ်ဆိုတာ စောင့်ကြည့်ရတဲ့ အလုပ်ပါဘဲ.. ဆိုတာ ထပ်ပြီး အသိပေးပါရစေ။
အကြည့်ခံရတာက ဒုက္ခသစ္စာ၊
ကြည့်တဲ့ ဥာဏ်က မဂ္ဂသစ္စာ ဖြစ်ပါတယ်။
ဒီတော့ မဂ္ဂသစ္စာဆို တော့..
သြော် … မဂ်ဟာ ဆုတောင်းတဲ့ အလုပ်လား၊ စောင့်ကြည့်တဲ့ဥာဏ်အလုပ်လား … ဆိုတာ ဓမ္မမိတ်ဆွေတို့ အနေနဲ့ ပေါ်လွင်ထင်ရှားပါတယ်။
အဲဒီလို စောင့်ကြည့်တဲ့ ဥာဏ်အလုပ် လို့ ဓမ္မမိတ်ဆွေတို့ အသိကြီး သိလာပြီဆိုမှဖြင့် သြော် … ခန္ဓာကိုယ်ကြီးဟာ သုခကြားမညှပ် ဒုက္ခသစ္စာ တရစပ်ပလားဆိုတာ ပေါ်လာပါလိမ့်မယ်။
ဒုက္ခသစ္စာ တရစပ် ပေါ်လာတဲ့အခါကျတော့မှ သြော် … ဒုက္ခသစ္စာကြီးပါလား၊ သုခဆိုတာ ဘာမှ မပေါ်လာပါ လားဆိုပြီး ဒုက္ခတွေမြင်ပြီး ငြီးငွေ့လာပါလိမ့်မယ် … ။ဘယ်ဟာမှ မမြဲဘဲ ၊ မတည်မြဲဘဲ ခုဖြစ်လိုက်၊ခုပျက်လိုက် နဲ့ ဖြစ်ပျက်မြင်တာဟာ "ယထာဘူတဥာဏ်" … ဘဲ ဖြစ်ပါတယ်။
ဒီတော့.. ဒီ" ဖြစ်ပျက်ဒုက္ခသစ္စာကြီး"ကို မုန်းလာတာဟာ "နိဗ္ဗိန္ဒာဥာဏ်"သာ ပင် ဖြစ်ပါတယ်။
ဒီလို ရှုမှတ်ရင်း က..ကြာလာတော့ ဥာဏ်ကထက်ထက်၊ ထက်ထက်, ထက်ထက်လာပြီး၊ ကြည့်ပါများလာတော့ ဓမ္မမိတ်ဆွေတို့ ခုမြင်တွေ့ နေတဲ့ ဒီဒုက္ခကြီး နဲ့ မနေချင်ပါဘူး ဆိုတဲ့ မနေချင်တဲ့ဥာဏ် က ဖြစ်လာပါတယ်။ အဲဒီလို ဉာဏ်ပေါ်လာတဲ့ အခါ ဒုက္ခတွေ အကုန်ပျောက်သွားပါလိမ့်မယ် …ဒါတော့ ဒုက္ခပျောက်ပြီး ဒုက္ခဆုံးတာက နိရောဓသစ္စာ၊ ဒုက္ခအဆုံးကို သိတာက … မဂ္ဂသစ္စာ ဘဲ ဖြစ်ပါတယ်။
မဂ္ဂသစ္စာ ဆိုတော့ မဂ်စစ် ပေါ်လာပါလိမ့်မယ်၊ ဒုက္ခပျောက်ရင် "မဂ်" အစစ်ပေါ်ပါလိမ့်မယ်၊ ဒုက္ခတွေ့ရင် ဝိပဿနာမဂ်ပေါ်ပါလိမ့်မယ် … ဒီတော့ ဒုက္ခတွေ့ရင် … "ဝိပဿနာမဂ်" ပေါ်ပါလိမ့်မယ်။
ဒုက္ခတွေ မရှိတော့ပါဘူး၊ ရှုစရာကို မရှိဘူး ဆိုရင် မဂ်စစ်ပေါ်လာလိမ့် မယ်။
မဂ်စစ်ပေါ်လာလို့ ဒုက္ခမရှိတာက..
နိရောဓသစ္စာ၊ အဲဒီဒုက္ခ ကို မရှိမှန်းသိတာက … မဂ္ဂသစ္စာပါ။
အဲဒီလို စောင့်ကြည့်ရင်းနဲ့ ဆုံးသွားအောင် လိုက်လိုက်လို့ရှိရင်...
"ဒုက္ခဿအန္တံ ကရိဿထ” ဒုက္ခဿ၊ ဒုက္ခ၏ အန္တတံ၊ အဆုံးကို၊ကရိဿထ၊ မဂ်ဥာဏ်က မျက်မှောက်ပြုလိမ့် လတ္တံလို့ ရှင်သာရိပုတ္တရာကလဲဟော၊ ဘုရားကလဲဟောထား တာ ဖြစ်တဲ့ အတွက်ကြောင့် ဓမ္မမိတ်ဆွေ တို့  တရားရှုမှတ်ချင်ရင်၊ ဝိပဿနာ ကို အားထုတ်ချင်ရင် စောင့်ကြည့်တဲ့ အလုပ် ကို လုပ်ရမယ်ဆိုတာ သဘောပေါက်ပြီ ဖြစ်မှာပါ။
" ဖြစ်ပျက်"တွေ လာသရွေ့ကို စောင့်သာကြည့်လိုက်ပါလို့ သတိပေးလိုက်ပါတယ် …၊ ဘာမှ လုပ်စရာမလိုပါဘူး၊ စောင့်ကြည့်ယုံပါဘဲ၊ စောင့်ကြည့်ရင်း နဲ့  ကြာလာတော့ ဖြစ်ပျက်တွေ "စိပ်"လာပါလိမ့်မယ်။
ဖြစ်ပျက်စိပ်လာပြီဆိုရင်...
သြော် … အသေတယ်များပါလား၊
သြော် … ဒုက္ခတွေ တယ်များပါလား၊
သြော် … ဒုက္ခတွေ တယ်များပါလားလို့ သူက ဘယ်လောက်ပဲများများ၊ ကိုယ်က ဒုက္ခများတယ်လို့သာ မြင်အောင်ကြည့်နေ ပါ… ကြာတော့
သြော် … ဖြစ်လာတာကလဲ ဒုက္ခ၊
ပျက်သွားတာကလဲ ဒုက္ခ၊
အဲဒီကဲ့သို့ ဒုက္ခကို အဖြစ်ကိုလည်း မသာယာ၊ အပျက် ကို လည်း လဲ မသာယာ တော့ပါဘူ။ မသာယာတဲ့အခါကျတော့ ဖြစ်ပျက်ကို သာယာတဲ့ တဏှာ ကလဲ ချုပ်ပါရော ဖြစ်ပျက်လဲချုပ်တာပါပဲ။
သာယာတဲ့ ဒိဋ္ဌိလဲ ချုပ် ရော.. ဖြစ်ပျက်လဲချုပ်တာ ပါဘဲ။
ဖြစ်ပျက်လဲ ချုပ်သွားတာပဲဆိုတော့...
ဖြစ်ပျက်ချုပ်တာ နိဗ္ဗာန်၊
ချုပ်မှန်းသိတာ မဂ်ဥာဏ်၊ ဖြစ်ပါတယ်။
တစ်ကယ်တော့ နိဗ္ဗာန်က နီးနီးလေးပါ။ နီးလျက်နဲ့ မရောက်တာ ဘာကြောင့်လည်း ဆိုတာ့ စောင့်ကြည့်တဲ့ အလုပ် မလုပ် လို့ ပါဘဲ။
သံသရာထဲမှာ ငရဲအိုးတွေကလဲ ငရဲမီးတွေတောက်ပြီး တပွတ်ပွတ် ဆူနေတာဟာ ဒီခန္ဓာကြီးကို ခင်တွယ်တဲ့ တဏှာလောဘ က မချုပ်တာ...တဲ့။ မိမိတို့ ၊ ဓမ္မမိတ်ဆွေ တို့ က တဏှာ ကနေပြီး ငရဲအိုးကို ဖန်တီးနေကြတာ နဲ့ တူနေပါတယ်။
လိုချင်တဲ့ တဏှာ ဆိုတာကလည်း.....
ငရဲသွားတဲ့ တဏှာလည်းရှိတယ်၊
သုဂတိသွား တဲ့ တဏှာ လည်းရှိ ပါတယ်။
အဲဒီလို တဏှာက အမျိုးမျိုး အဖုံအဖုံ စုတိစီမံလိုက် ငရဲအိုးတွေ စီမံလိုက်ဆိုတာ တဏှာမချုပ်လို့ ဖြစ်ရတာပါ။
ဝိစိကိစ္ဆာ မချုပ်လို့.. ဖြစ်ရတာပါ။
ဖြစ်ပျက်တွေ ကို.. ရှုရင်း ရှုရင်း နဲ့ ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခမှတစ်ပါး ဘာမှ မရှိဘူးလို့၊ လိုချင်စရာ ရချင်စရာ ဘာမှ မရှိဘူးလို့ ဒီခန္ဓာကို ဆုံးဖြတ်ချက်ချလို့ရှိရင်လဲ အဲဒါ … ဒုက္ခသစ္စာ ပိုင်းခြားသိတာပါဘဲ။
အဲဒီ လို ပိုင်းခြားသိလိုက်တဲ့ အခါမှာ ဒုက္ခတွေ ဘာဖြစ်သွားသလဲ ဆိုတော့...ဒုက္ခတွေ ဆုံးသွားပါတယ် ။
ဒုက္ခဆုံးတာ ကို နိဗ္ဗာန် လို့  ခေါ်ပါတယ်။ ဒီဒုက္ခဆုံးတာ ကို သိတော့ မဂ်ဉာဏ် ပါ။
ဒါကြောင့်.. နိဗ္ဗာန် ဆိုတာ ခန္ဓာအဆုံး မှာ ရှိတယ်ဆိုတာ သဘောပေါက်လောက်ပါပြီ။ ဒါ့ကြောင့် နီးနီးလေးလို့ ပြောတာပါ။
ဒါ့ကြောင့် ဝိပဿနာ အားထုတ်တယ် ဆိုတာ အပါယ်လေးဘုံ လောက်က လွတ်ယုံတင်မဟုတ်ပါဘူး။ဒုက္ခဆင်းရဲက အကုန်လွတ်ပါတယ်။
ဒီတော့...
ရှေးဦးစွာ သမာဓိတည်အောင်လုပ်ရပါမယ်...။
ရှေးဦးစွာ လေကလေးထွက်တာသိ၊ ဝင်တာသိပြီး သမာဓိတည်အောင် နည်းနည်းကလေး ၁၅-မိနစ်၊ မိနစ်-၂၀ လောက်လုပ်ကြည့်လိုက်ပါ၊
လေကလေး ထွက်လာလဲ ဒီနားမှာ၊တိုက်သွားတာကလေး ထွက်ပြန်ပြီလို့ သိလိုက်ရင် ပြီးတာပဲ၊ဝင်လာပြန်လည်း ဝင်ပြီလို့ "သိ"လိုက်ရင် ပြီးပါတယ်။
"ထွက်တိုင်းသိ၊ ဝင်တိုင်းသိ"
ဒီလိုချည်းဘဲ ထွက်တိုင်းသိ၊ ထွက်တိုင်းသိ ဝင်တိုင်းသိဆိုရင်တော့ စိတ်ဟာ သမာဓိဟာ ဘယ်ကို မှမပြေး တော့ပါဘူး၊ တစ်သိတည်း သိနေတော့ မှာပါ။
အဲဒီ လို စိတ်ကို ထိမ်းနိုင်ထားပြီဆိုရင် စိတ်ငြိမ်လာတာနဲ့ အလျောက် သမာဓိ က တွဲကပ်လာပါတယ်။
ရှုမှတ်သိရာကနေပြီးတော့ ခန္ဓာကိုယ်ထဲမှာ ပူလာသလား၊ အေးလာသလား၊ လှုပ်လာသလား၊ ရွလာသလား၊ ထူးထူးခြားခြား ဘာပေါ်သတုံးဆိုတာကို ဓမ္မမိတ်ဆွေတို့ သမာဓိ တည်လာတော့ ခန္ဓာကိုယ်က ပြောလာပါလိမ့်မယ်။
ခန္ဓာကိုယ်က ပြောလာပါလိမ့်မယ်၊ ယားတယ်၊ နာတယ်၊ ကိုက်တယ်၊ ကျဉ်တယ်၊ ညောင်းတယ် ဒီလိုလည်း ပြောချင်ပြောလိမ့်မယ်၊ ပူတယ်၊ အေးတယ်၊ လှုပ်တယ်၊ ငြိမ်တယ် ဒါလဲပြောချင်ပြောလိမ့်မယ်၊
လောကီဥပမာနဲ့ ရှင်းပြရရင်..
ညအချိန် လူခြေတိတ်နေတဲ့ အချိန် မှာ တိုက် အမြင့်ပေါ်က နေပြီး အိမ်မြှောင်ငယ် ကလေး တစ်ကောက် ပြုတ်ကျလာတာ အောက်မှာ ဘယ်သူမှမရှိတဲ့ အချိန်မှာ ကြားနိုင်ပါတယ်။
နေ့ ခင်း လူများတဲ့အချိန်ကျတော့ အိမ်မြှောင်ကျတာ မသိနိုင်ပါဘူး။ဘာဖြစ်လို့တုံး ဟိုက စက်သံကလဲ ရှုပ်နေတယ်၊ နောက်ပြီး ဒီက လူသံတွေကလဲ ရှုပ်နေတယ်၊ မငြိမ်မဆိမ်ရင် တော့ ပြင်းထန်တဲ့ အသံတောင် မကြားနိုင်ပါဘူး။
အဲဒီလိုပါပဲ စိတ်ငြိမ်ငြိမ်ခိုင်တဲ့ ဒီနေရာမှာ သမာဓိလေး တည်တည် ၊ ဒီနေရာက ဘယ်မှ မပြေးဘူးဆိုတဲ့ အချိန်ကျတော့ ခန္ဓာကိုယ်ထဲက ဘယ်မှ မပြေးဘူးဆိုတဲ့ အချိန်ကျတော့ ခန္ဓာကိုယ်ထဲက ဟိုက လှုပ်တာလဲ သိတာပဲ၊ ဒီက ပူတာလဲ သိတာပဲ၊ အေးတာလဲ သိတာပဲ ဟုတ်လား … ယားတာလဲ သိတာပဲ၊ နာတာလဲ သိတာပဲ၊ ကောင်းတာလဲ သိတာပါပဲ။
အဲဒီလို သိလာလို့ရှိရင်ဖြင့် သမာဓိအားကြီးတဲ့ ပုဂ္ဂိုလ်ကျတော့ ခန္ဓာကိုယ်က ပြောတာမှန်သမျှ အကုန် သိပါတယ်။
အဲဒီလို သိလာတာ ဟာ ခန္ဓာ၏ ပင်ကိုယ်သဘောလား၊ အခုမှ သမာဓိရလို့ သူပြောတာတွေ အကုန်သိတာလားလို့ ဆိုတော့ခန္ဓာ ရဲ့ သဘောကြောင့်ပါဘဲ။
ခန္ဓာကြီးက သူ့သဘောက ဒီလိုပဲဆိုတာ ခန္ဓာကပြောတာပါဘဲ ဖြစ်ပါတယ်။
ဟိုနေရာ တစ်မျိုး၊ ဒီနေရာ တစ်ဖုံပါကလားဆိုတာ ပေါ်လာပါလိမ့်မယ်။
အရင်သမာဓိ မရခင်တုန်းကတော့၊ စိတ်မတည်ငြိမ် ခင်တုန်းကတော့ ဖောက်ပြန်နေပေမယ့် လည်း ဘယ်လိုမှ မသိဘူး၊ သတိမထားမိပါဘူး။
အခုတော့ သမာဓိကလေး ၁၅-မိနစ်၊ မိနစ် ၂၀ ဖမ်းပြီးတော့မှ ဖမ်းနေရင်း နဲ့ ခန္ဓာကဖောက်ပြန် နေတာတွေ ကြည့်လိုက်တော့ မှ ပေါ်လာတာ ဖြစ်ပါတယ်။
ဒီဖောက်ပြန်တာသည် ခန္ဓာထဲက ထူးခြားတာတွေ၊ နာတာတွေ၊ ကိုက်တာတွေ၊ ကောင်းတာတွေ စိတ်အမျိုးမျိုးပေါ်တာတွေ သိလာတာတွေဟာ သမာဓိ တည်လာလို့ သိလာတာတွေ ဖြစ်ပါတယ်။
ဒါကြောင့် မြတ်စွာဘုရားက...
"သမာဟိတော ယထာဘူတံ ပဇာနာတိ”
သမာဟိတော-သမာဓိရှိသော ပုဂ္ဂိုလ်အား၊ ယထာဘူတံ - ဟုတ်တိုင်းမှန်စွာ၊ ပဇာနာတိ - ခန္ဓာ အပေါ်၌ သိ၏..တဲ့။
သမာဓိတရားရှိတဲ့ ပုဂ္ဂိုလ် ခန္ဓာအပေါ်၌ ဘာတွေသိသလဲ ဆိုတော့ "ဟုတ်တိုင်းမှန်စွာ" သိပါတယ်။ အမှန်တရား အစစ် အမှန် ကို သိပါတယ်။
ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာ
အမှန်တရားအစစ်အမှန် ကို သိတယ်ဆိုတာ...
ခန္ဓာက ယားတယ်လို့ပြောလို့ရှိရင်..." ဝေဒနာက္ခန္ဓာ" ပဲလို့ ပြောတာပါ။နာတယ်လို့ ပြောလည်း" ဝေဒနာက္ခန္ဓာ"လို့ပြောတာဘဲ ဖြစ်ပါတယ်။
ခန္ဓာဆိုတာ ဖောက်ပြန်ပျက်စီးတာ ပါ။
အဲဒီ ဖောက်ပြန်တာကလေးပဲ သမာဓိရှိတဲ့ပုဂ္ဂိုလ်က ကြည့်လိုက်တဲ့ အခါမှာ ဖောက်ပြန်တာကလေး ပျက်စီးပြီး ပျောက်သွားပါတယ်။
ဖောက်ပြန်တာက ပေါ်လာတာ၊ ပျက်စီးတာက ပျောက်တာ ဖြစ်ပါတယ်။
အဲဒီတော့...
" အဖြစ်၊အပျက်"ပါဘဲ။
ခန္ဓာကိုယ်ထဲ ဖြစ်မှုနဲ့ ပျက်မှုပဲ ရှိပါတယ်။
ဝေဒနာကလေး ပေါ်လာရင် ဖောက်ပြန်တာပါ။ နဂိုက ရှိမှ မရှိဘဲကိုး။ အခုမှ ဖောက်ပြန်လာတာ။
သုခပေါ်လည်း ဖောက်ပြန်လာတာပဲ၊ သုခကလေး ပျောက်သွားတော့ ပျက်စီးတာ အါဘဲ။
အဲဒီလို ဆိုတော့ ဖောက်ပြန်ပျက်စီးတာကလေးချည့် တွေ့နေတော့...
သြော် … ယောက်ျားလဲမဟုတ်ဘူး၊ မိန်းမလဲ မဟုတ်ဘူး၊ ဒိဋ္ဌိတွေ ဘာတွေ ခွာစရာမလိုတော့ဘူး၊ ဖောက်ပြန် ပျက်စီးတာပဲ တွေ့တွေ့ နေတော့တယ်၊ ဒီအခါကျတော့ မျက်နှာကလေးကလည်း မပေါ်လာဘူး၊ ဆံပင်တွေလဲ မပေါ်လာဘူး၊ ကိုယ့်ဟာ ကိုယ်ဥာဏ် ကလေးနဲ့ ကြည့်နေတော့၊ ဖောက်ပြန်တာနဲ့ ပျက်စီးတာ တွေ့နေတော့၊ ယောက်ျား, မိန်းမ အလိုလိုပျောက် နေပါတယ်။
ယောက်ျား၊ မိန်းမ၊ သားတွေ၊ သမီးတွေ၊ ဆွေတွေ၊ မျိုးတွေ ၊ကိုယ့်ခန္ဓာ မှာလည်း ငါလည်းပျောက်၊ သူလည်းပျောက်၊ လက်လည်းပျောက်၊ ခြေလည်းပျောက်၊ ဒါတွေပျောက်၊ အကုန်ပျောက်၊ ဥာဏ်ထဲဘာတွေပေါ်နေသတုံး ဆိုတော့ ဖေါက်ပြန်ပျက်စီး တာဘဲ ပေါ်ပါတယ်။
( ဒီနေရာမှည ကြားဖြတ်ပြောရမယ်ဆိုရင်..
တစ်ချို့ ပုဂ္ဂိုလ်တွေက ဖေါက်ပြန်ပျက်စီးတယ် လို့ မပေါ်ဘဲနဲ့ ..မမြဲဘူး ဆိုတာ ကို မြင်ပါတယ်.. အနိစ္စပေါ့။ တစ်ချို့ ကျတော့ ဒါကြီးက ဒုက္ခကြီးပါလားလို့  ပေါ်တဲ့ ပုဂ္ဂိုလ်တွေလည်းရှိတယ်၊ တစ်ချို့ က ခုန ပြောတဲ့ ဖေါက်ပြန်ပျက်စီးတာကို မြင်ပါတယ်။ ဒါဟာ လက္ခဏာကြီး ( ၃ ) ပါး ပါဘဲ။ )
အသစ်ပေါ်လာတာရယ်၊ ပျက်စီးသွားတာရယ်၊ ယားတာကလေးကြည့်လိုက်ပြန်လည်း ပေါ်လိုက် ပျောက်လိုက်၊ နာတာကလေးကြည့်လိုက်ပြန်တော့လည်း ပေါ်လိုက်၊ ပျောက်လိုက်၊ ခံသာတာ လေးလာပြန်တော့လည်း ပေါ်လိုက်ပျောက်လိုက် နဲ့ ပြီးတော့..
စိတ်အမျိုးမျိုးပေါ်လို့  စိတ်ကို ရှုပြန်တော့လည်းဘဲ ပေါ်လိုက်၊ ပျောက်လိုက်၊ ရုပ်တွေက ပူလိုက် အေးလိုက်၊ အပူကလေး ပေါ်လာလိုက်၊ အပူကလေး ပျောက်သွားလိုက်၊ အအေးကလေး ပေါ်လာလိုက်၊ အဲဒီ အအေး ကလေး ပျောက်သွားလိုက်နဲ့ ...
ခုလို့  ဥာဏ်မျက်လုံး ဖွင့်ကြည့်လိုက်တဲ့ အခါကျမှတော့ ဓမ္မမိတ်ဆွေ တို့ တစ်တွေ ဖောက်ပြန် ပျက်စီးတာတွေ တွေ့နေရပါတော့တယ် ။
အဲဒီ လို ပိုင်းခြားသိလိုက်တဲ့ အခါကျလို့လိုရင် ဖေါက်ပြန်ပျက်စီးတာတွေဟာ ဘာဖြစ်သွားသလဲ ဆိုတော့...ဒုက္ခတွေ ဆုံးသွားပါတယ် ။ အနိစ္စ နဲ့ ဆုံးသွားတယ်။ အနတ္တ နဲ့ ဆုံးသွားပါတယ်။
အဲဒီလို ဆုံးတာ ကို နိဗ္ဗာန် လို့  ခေါ်ပါတယ်။
အကျဉ်းချုပ်ရရင်တော့..
နိဗ္ဗာန် ဆိုတာ ခန္ဓာအဆုံး မှာ ရှိတဲ့ အတွက်ကြောင့် နိဗ္ဗာန် ကို မြင်အောင် ဉာဏ် မျက်လုံး နဲ့ ကြည့်မှသာ မြင်နိုင်မဲ့အတွက် ၊ ပထမဦးစွာ ဉာဏ်မျက်လုံး ရဖို့ ဝိပဿနာ အားထုတ်ကြဖို့ တိုက်တွန်းရင်း ဓမ္မဒါန ပြုလိုက်ပါသည်။
( ခန္ဓာ-၅ပါး တစ်ဦး )
••••••••••••••••••••••••••••••••••
လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။(ခန္ဓာ-၅ပါးတစ်ဦး)
ကိုးကား-"ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီး" ဟောကြားတဲ့ တရားတော်များမှ ကောက်နှုတ်ပြီး ဖေါ်ပြကုသိုလ်ပြုလိုက်ပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...